မုံရွာမြို့၊ရန်ကင်းဆရာတော် ဘဒ္ဒန္တပညာဝံသ ရေးသားပါသည်။
{၁}ဓမ္မစကူးလ်သင်တန်းကျောင်းများသည် နွေရာသီမှာ ခေတ္တခဏမျှဖွင့်သောသင်တန်းများနှင့်မတူ၊ကလေးများ၏ရင်ထဲသို့ ဘာသာသွေး မျိုးချစ်စိတ်တို့ တစိမ့်စိမ့်စီးဆင်းသွားသော နိုင်ငံတကာအဆင့်မီ သင်တန်းကျောင်းဖြစ်သည်။
{၂}(၁)တန်းမှ(၁၂)တန်းအထိ အတန်းအလိုက် သင်ခန်းစာ စာအုပ်များကို ကလေးများ၏ဉာဏ်ရည်အလိုက် ရဟန်းပညာရှိ၊လူပညာရှိများ စုပေါင်းတိုင်ပင်၍ ရေးဆွဲထားသဖြင့် ကလေးများပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်လာကြပါသည်။
{၃}ခေတ်အခြေအနေအရ ဘုန်းတော်ကြီးကျောင်းများ၌ ကလေးများမရှိသဖြင့် ရှေးဆရာတော်ကြီးများ သင်ကြားပေးသည့် (ဝိဇ္ဇာပညာ)အသိဉာဏ်ပေး ပညာများ မရရှိသဖြင့် ကလေးများမှာ စည်းကမ်း၊စိတ်ဓာတ်၊ရတနာသုံးပါး၊မိဘဆရာများအပေါ် ရိုသေကိုင်းညွတ်မှု မရှိတော့ပါ။ဘဝမှာ လူကောင်းတစ်ယောက်အဖြစ် နေထိုင်သွားလာမှု နားမလည်ကြတော့ပါ။
{၄}မျိုးဆက်သစ် လူငယ် လူလတ်ပိုင်းများသည် ဗုဒ္ဓဘါသာအမည်ခံထားသော်လည်း ဘာသာမဲ့များဖြစ်နေကြ၍ နှစ်ပေါင်းထောင်ချီဖြတ်သန်းလာခဲ့သော နိုင်ငံသမိုင်းတွင် စိတ်ဓာတ်ညံ့ဖျင်းသောလူများ ဖြစ်နေသည်ကို စေ့စေ့စပ်စပ် လေ့လာသူတိုင်း မြင်တွေ့နေရ၍ ခေါင်းဆောင်ဆရာတော်ကြီးများ၊အသက်(၆၀)ကျော်လူကြီးများ စိတ်မကောင်းဖြစ်နေကြသည်ကို တွေ့မြင်နေရသည်။
{၅}ဗုဒ္ဓဂေါတမပွင့်ရာ အိန္ဒိယနှင့်အနီးဆုံးဖြစ်သော သိရီလင်္ကာနိုင်ငံ၌ ဗုဒ္ဓဘါသာစောစီးစွာ မကွယ်ပျောက်စေရန် မဖြစ်မနေ ဓမ္မစကူးလ်များ ပေါ်ပေါက်လာသည်မှာ နှစ်ပေါင်း(၁၃၀)ကျော်လေပြီ။သို့အတွက် ဗုဒ္ဓဘါသာ(၉၅)ရာခိုင်နှုန်း ယခုအထိရှိနေသည်။မြန်မာပြည်၌ ဓမ္မစကူးလ်ကျောင်းများ ပေါ်လာသည်မှာ (၄)နှစ်ကျော်မျှသာရှိသေးသည်။နိုင်ငံတော်နှင့်ဗုဒ္ဓဘါသာကို ထိန်းသိမ်းနိုင်ရန် အချိန်မလွန်သေးပါ။
{၆}ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ကြီး၏ လက်ရုံးတပည့်ဖြစ်သော လက်ရှိနိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၏ ဩဝါဒအရ ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံတော်နှင့်မျိုးဆက်သစ်လူငယ်များအတွက် ဦးတည်ဆောင်ရွက်နေသော လုပ်ငန်းစဉ်ကြီးဖြစ်သည့်အလျောက် တိုင်းပြည်ချစ်စိတ်၊မျိုးချစ်စိတ်ရှိသူတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည်။
{၇}ဓမ္မစကူးလ်ကျောင်းများသည် တစ်ပတ်မှာတစ်ရက်၊တစ်ရက်မှာ တစ်မနက်သာ တက်ရောက်ရသဖြင့် အတန်းပညာရေးကို အဟန့်အတားမဖြစ်စေသည့်အပြင် ကိုယ်ရောစိတ်ပါ ပြုပြင်ထားသော လူငယ်လေးများဖြစ်၍ အတန်းပညာကို သင်ကြားရလွယ်ကူသဖြင့် ပညာတတ်ဆရာကြီး၊ဆရာမကြီးများ၏ အားပေးထောက်ခံမှုရရှိနေပါပြီ။
{၈}မြန်မာနိုင်ငံ၌ မရှိခဲ့ဘူးသော စာရိတ္တပညာရေး လူငယ်ပြုပြင်ရေးသင်တန်းဖြစ်၍ နိုင်ငံအတွက် အကြာကြီးမစောင့်ရပါ။(၁၀)နှစ်သာ စောင့်ုကည့်ကြပါ၊အသိဉာဏ်ုပည့်ဝပြီး တိုင်းပြည်နှင့်လူမျိုး ဘာသာသာသနာကို စောင့်ရှောက်ကြမည့် သားကောင်း၊သမီးကောင်းများဖြစ်လာကြဖို့ အာမခံချက်ပေးပါသည်။
{၉}ဂျပန်နိုင်ငံ၌ (၈)နှစ်မပြည့်မီ ကလေးများသည် စာရိတ္တသင်တန်းတက်ကြရ၍ အနာဂတ်ဝယ် စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်သော လူကောင်းများဖြစ်ကြပြီး တိုင်းပြည်ကိုချစ်မြတ်နိုး ကြိုးစားကြသဖြင့် ကမ္ဘာ့အလယ် တင့်တယ်သော နိုင်ငံဖြစ်လာသည်ကို မြန်မာများ သတိပြုကြပါ။
{၁၀}စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၃)နှစ်ခန့်အချိန်အတွင်း ကျောင်းပေါင်း(၁၆၀၀)ကျော်၊ဆရာ/ဆရာမပေါင်း(၁၅၀၀)ကျော်၊ကျောင်းသား/ကျောင်းသူပေါင်း (၃၅၀၀၀၀)ကျော်ရှိနေပါ၍ နောက်ထပ်(၅)နှစ်အတွင်းဝယ် တိုင်းဒေသကြီးတစ်ခုလုံး ုပည့်သွားအောင်ကြိုးစားနေပါသည်။သို့ပါ၍ အသိဉာဏ်နှင့်စိတ်ဓာတ် နိုးကြားတက်ကြွသော မြန်မာများ ကိုယ့်မြို့ ကိုယ့်ရွာအကျိုး မျှော်ကိုး၍ ဓမ္မစကူးလမကျောင်းများ ဖွင့်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြပါစို့။
ဒို့နိုင်ငံ ငြိမ်းချမ်းဖို့ ဓမ္မစကူးလ် ဖွင့်ကြစို့
လူ့အဖွဲ့အစည်း ငြိမ်းချမ်းဖို့ ဓမ္မစကူးလ် ဖွင့်ကြစို့
အဓိဋ္ဌာန်လင်္ကာ
ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်သာသနာ
ကိုယ်သာမြှင့်မှ မြင့်ခိမ့်မည်။
ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာဝံသ
(ရန်ကင်းကျောင်းတိုက်ဆရာတော်၊မုံရွာမြို့နှင့် ဓမ္မစကူးလ်ဦးဆောင်သံဃာတော်များအဖွဲ့၊စစ်ကိုင်းတိုင်းဒေသကြီး၊ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊မုံရွာမြို့
သမဏ အာဇာနည်
အရှင်သိရီကဉ္စနာဘိဝံသ
ကိုယ်တိုင်စာစီပူဇော်ပါသည်။
{28-05-2020}
အသိပေးခြင်း။
ဤအရှင်သည် ၁၃၈၀ပြည့်နှစ်၊ဝါခေါင်လပြည့်ကျော်(၁၃)ရက်၊(08-09-2018)စနေနေ့တွင် မုံရွာ ရန်ကင်းဆရာတော်ကြီးထံ ရောက်ရှိခဲ့ပါသည်။DSF အတွင်းရေးမှုး(၁)ဒေါက်တာအရှင်ညာဏဝံသ နှင့်အတူ ရောက်ခဲ့ပါသည်။စစ်ကိုင်းတိုင်းဒေသကြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း(၃)နှစ်ပြည့်ပွဲ အကြိုတရားချီးမြှင့်ရန် ကြွရောက်ခဲ့ခြင်းပါ။ ရန်ကင်းဆရာတော်ကြီးနှင့် ဓမ္မစကူးလ်အကြောင်းများ ဆွေးနွေးဖြစ်ခဲ့ပါသည်။ အပြန်တွင် ဆရာတော်ကြီးထံမှ အထက်ပါ ဓမ္မစကူးလ်အကြောင်း သိကောင်းစရာ စာရွက်များတောင်းယူခဲ့ပြီး အများကိုလည်း မျှဝေပြောကြားခဲ့ပါသည်။
ယနေ့ကား ဆရာတော်ကြီးနှင့် #ဓမ္မစကူးလ် #အင်တာဗျူး အစီအစဉ်ရှိသည့်အတွက် ဆရာတော်ကြီးကို ပူဇော်သောအားဖြင့် ကိုယ်တိုင်စာစီ ပူဇော်လိုက်ရပါသတည်း။

0 Comments